တစ္ဆေ

တစ္ဆေ

 

ကျွန်မတစ္ဆေတွေကို ကြောက်ရွံ့လေ့မရှိပါ။ ထိုအတူ ချစ်ခင်ခြင်းလည်းမရှိပါ။ သို့ရာတွင် တစ္ဆေတစ်ကောင်နှင့်တော့     ကျွန်မဘ၀အစိတ် အပိုင်းအတော်များများကို ထိတ်လန့်တုန်လှုပ်စွာ ဖြတ်သန်းခဲ့ဖူးသည်။

ညဖက်မက်တတ်သော အိပ်မက်များထဲတွင် ကျွန်မအနောက်မှ တစ္ဆေတစ်ကောင်၏ အရိပ်သည် ဒေါသမာန်အပြည့်ဖြင့် လိုက်ပါလာ  လေ့ရှိသည်။ ကျွန်မ ကမူးရှူးထိုးပြေးလွှားရင်း နောက်ဆုံးတွင် ရေတွေတဝေါဝေါ ထိုးစိုက်ဆင်းနေသည့် ရေတံခွန်ကြီး တစ်ခုထဲ   လွင့်ကျသွားသည်။ ဒါမှမဟုတ် နက်ရှိုင်းသည့် ချောက်နက်ကြီးတစ်ခုထဲသို့ ကျွန်မပြုတ်ကျသွားသည်။ဘယ်လိုနည်းနဲ့ ပဲဖြစ် ဖြစ်  ကျွန်မ၏ အိပ်မက်အဆုံးသတ်တိုင်းသည် မလှပတတ်။ ကျွန်မသည် အိပ်မက်ကနေ ချောက်ချားစွာ အကြိမ်ကြိမ်လန့်နိုးရင်း မောပန်း နေခဲ့သည်။

ကျွန်မနောက်မှ ထိုတစ္ဆေတစ်ကောင် လိုက်ပါလာတတ်ခဲ့သည်မှာ  သိပ်မကြာသေး။ ကျွန်မချစ်သူနှင့် အိမ်ထောင်ပြုချိန်မှာ စတင် သည်ဟု ဆိုရမည်။ ကျွန်မသည် အသိုက်ပျက်မိသားစုဘ၀မှာ နေထိုင်ရင်း ချစ်သူနှင့် ဆုံတွေ့ခဲ့ရသည်။ သိပ်မကြာခင်မှာဘဲ ကျွန်မတို့ လက်ထပ်ဖြစ် ကြသည်။ ချစ်သူနှင့် မိသားစုဘ၀တစ်ခုကို စောစီးစွာ တည်ထောင်ခဲ့ရသဖြင့် ကျွန်မ ဘယ်သောခါမှ နောင်တရမိမည် မဟုတ်။  ထိုအစား ကျန်ရစ်ခဲ့ သော အသိုက်ပျက်မိသားစုဘ၀ကိုသာ ကျွန်မစိတ်မှာ စွန်းကွက်နာကျင်ခဲ့ရသည်။

ကျွန်မမိဘတွေက အိမ်ထောင်ရေးကံမကောင်းခဲ့ကြ။ မိဘတွေ၏ စီးပွားရေးအဆင်မပြေရာမှ အတ္တတွေပြိုင်လာကြပြီး ရုန်းရင်း ဆန်ခတ်  ဖြစ်နေသည့် ဖရိုဖရဲညတွေ ငယ်စဉ်က ကျွန်မဘ၀မှာ  အများကြီးကြုံခဲ့ရသည်။ ကျွန်မအသက်ရှစ်နှစ်ခွဲတွင် ကျွန်မတို့ မိသားစုပြိုကွဲသွားသည်။ အမေက ညီမလေးကိုခေါ်ပြီး ကျွန်မတို့နှင့်ဝေးရာကို အပြီးတိုင် ထွက်ခွါသွားသည်…။ အစ်မကြီးက အဘိုးအဘွားများ၏ မေတ္တာရိပ်အောက်မှာ လိုလေးသေးမရှိ သွားရောက်နေထိုင်ခဲ့သည်။

ကျန်ရစ်ခဲ့သော ကျွန်မတို့ သားအဖသုံးယောက်သည် ဆင်းရဲခြင်းဒုက္ခပေါင်းစုံကို ခါးစည်းခံရသည်။ ကျွန်မသည် ရှိတာလေးနှင့် စားသောက်ပြီး အတန်းပညာရေးကို အားသွန်ကြိုးပမ်းရသည်။ ကျွန်မအစ်ကိုကတော့ ကျောင်းများ ပျက်ကွက်ပြီး ၉တန်းမှာပင် ကျောင်းထွက်သွား ၏။ ဟိုတုန်းက ကျွန်မအဖေသည် မအောင်မြင်သေးသော စာရေးဆရာ။ပတ်ဝန်းကျင်က အဖေ့ကို အထင်မကြီး။ မောင်နှမတစ်ချို့က အဖေ့အလုပ် အကိုင်ကို ထုတ်ပြောဖို့ ၀န်လေးခဲ့ကြသည်။ အဖေ့အနုပညာကို  မိသားစုဆွေမျိုးကြားတွင် အနီးကပ်ဆုံး  ယုံကြည်စွာ အားပေးခဲ့သူမှာ ကျွန်မ တစ်ယောက်သာ…။ ထိုအခြေအနေကြားမှ အဖေသည် အောင်မြင်သော စာရေးဆရာ ဖြစ်လာသောအခါ ကျွန်မတို့မှာ ထုံးစံအတိုင်း ငွေရွှင်လာသည်။ အစပိုင်းတော့ အဖေက ကျွန်မကို ဘဏ်စာအုပ်အပ်သည်။ ဒါကို ကျွန်မအစ်ကိုက မကျေနပ်။ တကယ်တမ်းလည်း ကျွန်မသည် ငွေကို အသုံးအစွဲ မတတ်။ အလကားသုံးဖြုန်းမိတာက များသည်။ ငွေရှိတော့ အစ်ကိုကလည်း သောက်စားမူးယစ်ရန်ဖြစ်တတ်လာသည်။အဖေကလည်း ၂၅နှစ်ကျော် အဆင်းရဲခံဘ၀ကို ဖြတ်သန်းခဲ့သည့် သားသမီးနှစ်ဦးမျက်နှာကို မထောက်ရှု။ ကလေးသုံးယောက်အမေ တစ်ခုလပ်တစ်ယောက်နှင့်  နောက်အိမ် ထောင်ကို လက်ဖက်ရည်ဝိုင်းဖြင့် ခပ်လွယ်လွယ်ထူထောင်လိုက်ကြသည်။ စာချုပ်ပေါ်က ချစ်ခြင်းကို မယုံကြည်တော့ဟု ခနဲ့တဲ့တဲ့ ဆိုသေးသည်။

မိသားစုဝင်ငွေတွေ တက်ရိပ်ပြသော်လည်း ထိုငွေများက အဖေ့နောက်အိမ်ထောင်မှ လူတစ်သိုက်အပေါ် အလွယ်တကူ ယိုစီး သွားသည်။ ကျွန်မထံမှ ဘဏ်စာအုပ်နှင့်အတူ ဖခင်မေတ္တာတချို့ကိုပါ အဖေပြန်သိမ်းသွားသလားမပြောတတ်။ထိန်းထားသည့်ကြား မှပင်   အဖေ့ကို ကျွန်မ မချိတင်ကဲဝေဖန်ရေးဆိုမိသည်။ အဲသည့်နေ့က  ကျွန်မပါးရိုက်..ခံ..လိုက်ရ..၏….။ အမေနှင့်လမ်းခွဲပြီး ကတည်းက  သည်လောက်ထိ နာကျင်အောင် အဖေ မပြုမူဖူး….။ ထိုအချိန်မှာပဲ ကျွန်မချစ်သူနှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ကျွန်မတို့ လက်ထပ်လိုက်ပြီးနောက် ကံကောင်းထောက်မစွာဖြင့် ယောက္ခမတွေက ကျွန်မတို့နေဖို့ တိုက်ခန်းတစ်ခန်းစီစဉ် ပေးသည် ။ကျွန်မက မိဘနှင့်ဝေးရာတွင် ရက်ရှည်လများခွဲအိပ်ဖူးသူမဟုတ်သဖြင့် သန်းခေါင်ချိန်တိုင်း အိမ်လွမ်းကာ အော်ငိုမိ တတ်သည်။   ထို့နောက်မှာတော့ တစ္ဆေတစ်ကောင်က ဘွားခနဲ ကျွန်မကို အစပြုခြောက်လှန့်လေတော့၏။ ညတိုင်းလိုလို အိမ်ဟောင်းလေးမှ  ရနံမျိုးစုံ၊ အသံမျိုးစုံကို ကျွန်မရှူရှိုက် ရရှိနေမိသည်။ အ၀တ်ဟောင်းစတစ်ချို့၏ ချဉ်စူးစူးအနံ့။ အော်ဟစ်ဆဲရေးသံများ။ ဒုတ်တပျက် ဓါး တစ်ပျက်ကြိမ်းမောင်းသံများ ။ အဖေဟု မြည်တမ်းခွင့်မသာတော့သည့် ၅၂၈မေတ္တာများ။ သင်္ကြန်တွင်းတစ်လလုံး နေ့ညမပြတ်မူးရူးနေ သည့် အစ်ကိုနှင့်  နောက်မိန်းမအိမ်တွင် ပါရမီဖြည့်ပေး နေသောဖခင်။ လုံခြုံမှုမရှိသောအိမ်လေးမှာ ကျွန်မတစ်ယောက်တည်း။ မမြင်နိုင် သော တစ္ဆေတစ်ကောင်က ညရောက်တိုင်း ကျွန်မနောက်မှ တရကြမ်း လိုက်ပါနေခဲ့သည်။ အတိတ်တစ္ဆေ။

လပေါင်းများစွာကြာမြင့်သည်ထိ တိုက်ခန်းသစ်လေးမှာ နေသားကျလာအောင် ကျွန်မအတော်ကလေး ကြိုးစားခဲ့ရသည်…။ အိမ်ထောင် သက်၂ နှစ်နီးပါးရှိချိန်တိုင် ကျွန်မရုံးသို့ အဖေ့အလာကို မျှော်နေမိခဲ့သည်….။ အိမ်ဟောင်းလေးဆီမှ ဖရိုဖရဲမိသားစုကို လွမ်းသည့်စိတ်အား အလုပ်ထဲ အတင်းဇွတ်မှိတ်မြိုသိပ်ဖျောက်ဖျက်လိုက်ရသည်က အကြိမ်ကြိမ်…..။

ခုတော့ ကျွန်မမှာ အဖေ့ကိုလည်း မမျှော်မိတော့တာပင် ကြာခဲ့ပြီ….။ လွမ်းစိတ်ကိုလည်း မမွေးမြူတော့။ ညဖက်တိုင်းလည်း အတိတ်ဆီ  ပြန်လည်တမ်းတမနေနိုင်အောင် ကျွန်မစိတ်တို့ကို မာကျောပစ်လိုက်ခဲ့သည်။ တစ္ဆေတစ်ကောင်၏ ခြောက်လှန့်မှုများကို ကျွန်မရဲဝင့်စွာ ကျောခိုင်းထား လိုက်ပြီ။ ဆိုးရွားလွန်းသော အတိတ်ကို တွန်းလှန်ဖို့ ကျွန်မအားအင်တွေ မွေးမြူရတော့မည်။ မကြာခင်မှာ ကျွန်မတို့ဘ၀ထဲ ရင်သွေးလေးတစ်ဦး ရောက်ရှိလာတော့မည်မဟုတ်လား…..။ ကျွန်မရင်သွေးလေးအတွက် ကျွန်မသွေးကြောင် နေလို့ မဖြစ်..။ ကျွန်မအပေါ် ခြောက်လှန့်ခဲ့သည့် တစ္ဆေ တစ်ကောင်လို အတိတ်အရိပ်ဆိုးများကို ကျွန်မရင်သွေးလေးအပေါ် မကျရောက်စေရ။ ကျွန်မ မရရှိခဲ့သော မိသားစုဘ၀တစ်ခုကို ကျွန်မ ရင်သွေး လေးထံ ပေးချင်သည်..။ ရင်သွေးလေးရောက်ရှိမလာခင် ကျွန်မရင်ထဲမှ တစ္ဆေတစ်ကောင်ကို ကျွန်မအချိန်မှီ သတ်ဖြတ်ပစ်လိုက်နိုင်မည်ဟု ကျွန်မ ယုံကြည်သည်။

 

ခိုင်မာလင်း(သန်လျင်)

အခုအကြောင်းအရာလေးကိုရေးသားဖို့ကျမအတွက်မျက်ရည်တွေအကြိမ်ပေါင်းများစွာကျခဲ့ရဖူးတယ်။ ဆရာဦးဝင်းငြိမ်းရဲ့နှစ်ကြောင်းရေးတစ်ကြောင်းခြစ်လို့ဆိုရမလားပါပဲ.။အခါခါခြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဆာနာဂျီစာအုပ်တိုက်ပိုင်ရှင်ကိုသုတက ကျမဆီက ပတ္တမြားFM အတွက်တောင်းထားတာတစ်လလောက်ကြာခဲ့ပြီ။  ကျမရဲခံစားချက် ယုံကြည်ချက်လေးတစ်ခုကိုတောင်းထားလေတော့ သူများနဲ့ မတူတာလေးပေးချင်လို့ ရေးခဲ့တယ်။ ကိုယ့်အထုတ်ကိုယ်ဖွင်ဖေါက်တာပေါ့လေ။ ကိုသုတတို့ဘက်ကတော့စာမူရပြီးတစ်လအကြာမှာ ဖုန်းဆက်လာပါတယ်။ FMကလူကြီးမင်းများကအသံသွင်းဖို့အဆင်ပြေပါပြီတဲ့။ ဒါနဲ့ ကျမနဲ့အတူစာရေးဆရာ ဆရာရဲသျှမ်းလည်းပါသေးရဲ့ ။ အဲ့ဒီနေ့က 18.10.2011နေ့ပါ။ နေ့လည်နှစ်နာရီမှာအသံသွင်းခဲ့ပါတယ်။ ထုတ်လွင်ဖြစ်မယ့်နေ့ကိုတော့လူကြီးမင်းများက

မမေးတဲ့အတွက်ဘာမှမဖြေလိုက်ကြပါဘူး။ ပြန်နားထောင်ဖို့လည်းမအားတာကြောင့်ပါ။ အခုကျမအထုတ်ဖောက်လိုက်ပါပြီလူကြီးမင်းများယုံကြည်သလို လက်ခံနိုင်ပါတယ်။

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s